ကျောက်ဆည် ဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများ အရည် အသွေးပြည့်မီရေးနှင့် ဝယ်ယူသူပြည်သူများအား ဝန်ဆောင်မှု ပြည့်ဝစွာပေးနိုင်ရေး ယမန်နေ့မွန်းလွဲပိုင်းက ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးမင်းထွန်းက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ပစ္စည်းများအပေါ် အာမခံချက်များရေး၊ ဝယ်ယူစားသုံးသူပြည်သူများအား ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေး၊ ပစ္စည်းများ ရောင်းဝယ်ခြင်းနှင့် ထုတ်လုပ်ခြင်း ပြုလုပ်ရာတွင် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်းများ ရှိ/မရှိ စစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီသော ပစ္စည်းများကိုသာ ရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
ဆက်လက်ပြီးဝယ်သူများအား မိမိတို့ဝယ်ယူသည့် ပစ္စည်းများနှင့်ဆိုင်ရှင်များမှအခြေခံဝန်ဆောင်မှုများ ပေးသည့်အပေါ် စိတ်ကျေနပ်မှုရရှိစေခြင်းနှင့် ပစ္စည်းများအကြောင်း ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် အရောင်း/အဝယ် ပြေစာ၊ အထောက်အထားရယူခြင်း၊ ဝယ်ယူသည့်ပစ္စည်းများကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုများရှိပါက မိမိတို့ဝယ်ယူသည့် အရောင်းဆိုင်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသို့ တိုင်ကြားခွင့်ရရှိစေခြင်း၊ နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်၍ ပြန်အမ်းငွေများ ရရှိခြင်း စသည်တို့ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)