သာစည် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်ပြပွဲများကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နံနက် ၁၀ နာရီတွင် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲများကို ပြုလုပ်ရာ အလယ်တန်းအဆင့်ပြိုင်ပွဲကို ပင်လုံသက်သေ ဒို့မြန်ပြေမသွေ လွတ်လပ်ထိန်းသိမ်းအပ် ခေါင်းစဉ်ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားတို့မှ ကျောင်းသား/သူများဝင်ရောက် ယှဉ်ပြိုင်ကြပြီး အထက်တန်းအဆင့်ပြိုင်ပွဲကို ပြည်ထောင်စုအမွေထိန်းသိမ်းစို့ ဝိုင်းဝန်းကာကွယ်ကြပါစို့ ခေါင်းစဉ်ဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် သုတရသစာအုပ်များကို ကျောင်းသား/သူများက လေ့လာခဲ့ကြသည်။
ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ပြုလုပ်ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မီးရထားတို့မှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား/သူများကို မြို့နယ်မှ ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)