အမရပူရ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း ဖေဖော်ဝါရီ ၉ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြီး အမရပူရမြို့နယ်အတွင်းရှိ နွားများကို ခွာနာလျှာနာကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခွာနာလျှာနာ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေးဆွဲထားသည့် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန်များအား အမျိုးသားအဆင့်စီမံချက်နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ခွာနာလျှာနာရောဂါ ထိန်းချုပ်ဇုန် အကောင်အထည်ဖော်ရန် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀) မြို့နယ်တွင် ခွာနာလျှာနာ ရောဂါထိန်းချုပ်ဇုန် အကောင်အထည်ဖော်ခြင်းအတွက် ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခြင်းမပြုမီ ရောဂါ ခုခံကာကွယ်နိုင်သည့် ပဋိပစ္စည်းရရှိမှုအား ယခုကဲ့သို့ အမရပူရမြို့နယ်အတွင်း ကွင်းဆင်း တိုင်းတာစောင့်ကြည့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အမရပူရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အမရပူရမြို့နယ်အတွင်း နွားပိုင်ရှင် ၂၁ ဦး၏ နွားကောင်ရေ ၆၁၈ ကောင်ကို ခွာနာလျှာနာ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)