နမ့်စန် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပါရမီပညာရိပ်သာ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အထက-ခွဲ လွယ်ယင်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှ၊ ပါရမီပညာရိပ်သာတည်ထောင်သူ ဒေါ်သက်မာဦးနှင့် တာဝန်ရှိသူများက ဗဟိုအဆင့်နှင့် မြို့နယ်အဆင့် လူရည်ချွန်ဆုရရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်နှစ်တာပညာသင်ဆုရရှိသူများ၊ ပညာရည်ချွန် ထူးချွန်ဆုများနှင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို ဆုတံဆိပ်၊ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပါရမီပညာရိပ်သာမှ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ပြီး ဆရာကန်တော့ပွဲအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်