ရွှေကူမြို့နယ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုးထပ်မံတွေ့ရှိ

ရွှေကူ  ဒီဇင်ဘာ ၄

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၂၈)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၅၀)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ    ၆ ဘီး ကုန်စုံတင်ယာဉ်မှ ယာဉ်မောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်း မြို့ အမှတ်(၁)ရပ်ကွက် နေထိုင်သော အမျိုးသား(၁)ဦး နှင့် ၁၂ ဘီး ငှက်ပျောတင်ယာဉ်၏ ယာဉ်နောက်လိုက် ဗန်းမော်မြို့ သာစည်ရပ်ကွက် လျှပ်စစ်ကုန်းနေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်(၂)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာတိုက်ခန်း(ယာယီဆေးကုသဆောင်)သို့  ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းပိုးတွေ့လူနာ(၂)ဦးနှင့်အတူ ဆက်စပ်မှုရှိသည့်  ယာဉ်မောင်းနှင့်ယာဉ်နောက်(၂)ဦးအား ရွှေကူမြို့  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်−၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၂၄)ဦး ရှိပြီ ဖြစ်ကြောင်း၊ (၁၄)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)