ဟားခါး ဒီဇင်ဘာ ၄
ချင်းပြည်နယ် COVID-19 ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့် သာရောင်း ချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယမန်နေ့တွင် မြိုနယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
“ဟားခါးမြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ဖွင့်လှစ်လို တဲ့ဆိုင်တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြခိုင်းထားပါတယ်။ ဖွင့်လှစ်ဖို့တင်ပြ လာတဲ့ဆိုင်တွေကို မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေနဲ့ ပြည့်စုံပြီဆိုရင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမှာ ဖြစ်ပါတယ်။ မပြည့်စုံသေးဘူး ဆိုရင်တော့ ဖွင့်ခွင့်မပြုသေးဘဲ ပြည့်စုံအောင်ထိဆောင် ရွက်ခိုင်းမှာ ဖြစ်ပါတယ်။ အလားတူ ဖွင့်လှစ်ခွင့်ပြုပြီး ဆိုင်တွေကိုလည်း ညွှန်ကြားချက် တွေနဲ့အညီ ဆက်လက်ဆောင်ရွက်မှု ရှိ၊မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီး၊ လိုက်နာဆောင်ရွက်မှု မရှိတာကို စစ်ဆေးတွေ့ရှိပါက စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဟားခါးမြိုနယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
ဟားခါးမြို့ပေါ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်ထားရှိသကဲ့သို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန် မှာကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ထားရှိကြကြောင်းကို “ကျွန်တော်တို့ ဆိုင်ရှင်တွေအနေနဲ့ကတော့ မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက လမ်းညွှန်တဲ့အတိုင်း အပူချိန်တိုင်း ကိရိယာတွေကအစ ရောင်းချတဲ့ စားသောက် ကုန်ပစ္စည်းတွေမှာ ကြိုတင်ကာကွယ်ရမယ့် လုပ်ငန်းတွေ၊ ဆိုင်ထဲမှာ ခင်းကျင်းတာတွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ကို လာကြတဲ့ပြည်သူများ လိုက်နာရမယ့်အချက်တွေကို မြင်သာအောင် ဆောင်ရွက်ထားရှိပါတယ်” ဟု ဟားခါးမြို့မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)