မြစ်သားမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်သား  ဖေဖော်ဝါရီ ၅    

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)  စက်မှုလယ်ယာစခန်းမှ  ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းအမှတ်စဥ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉ )နာရီခွဲက အဆိုပါ စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

‌ရှေးဦးစွာ  မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးမိုးကျော်က စက်မှုလယ်ယာဦးစီးဌာန၏ လုပ်ငန်းဆိုင်ရာများနှင့်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရားကိုင်ထန်းက တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိကလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး လယ်ယာသုံးစက် ကိရိယာမောင်းနှင်ထိန်းသိမ်းမှု သင်ခန်းစာများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ(၄)ရက်နေ့မှ (၁၅)ရက်နေ့အထိ သင်တန်းကာလ(၁၂)ရက်ကြာ  လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုဘာသာရပ်(၆)မျိုးဖြစ်သော အင်ဂျင်ဘာသာရပ်၊  လက်တွန်းထွန်စက်ဘာသာရပ်၊ ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက်ဘာသာရပ်၊ ကောက်စိုက်စက်ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများ ဘာသာရပ်များကို  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈)အုပ်စုမှ သင်တန်းသား(၃၀)ဦးအား သင်တန်းသားတစ်ဦးချင်းစီ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)