လောက်ကိုင်မြို့နယ်တွင် ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်

 

လောက်ကိုင်           ဒီဇင်ဘာ         ၄

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု ၊ နားလီကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန မှ ဘိန်းအစားထိုးစိုက်ပျိုးရေး ပညာပေးခြံတွင် စိုက်ပျိုးထားသော ကြံမျိုး (၆)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ခင်းအား   ယမန်နေ့ နံနက်   ၁၀   နာရီက  တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်ခဲ့ ကြသည်။

ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေက ကြံမျိုး (၆)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးထားရှိမှုနှင့် ပက်သက်၍ ကြံသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေးနှင့် တောင်သူများ လေ့လာကြည့်ရှု သုံးသပ်၍ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် ဒေသတွင်းကန်ထရိုက် လယ်ယာစနစ် ဖြင့် စိုက်ပျိုးသည့် နန်ဟွာကုမ္ပဏီ မှ ဖြန့်ချီသော ကြံမျိုး (၄)မျိုးနှင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသော  ကြံမျိုး (၂)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက် ပျိုးထားရှိမှု အခြေအနေများကို စိုက်ပျိုးထားသည့် မျိုးတစ်မျိုးချင်းစီအလိုက် Brix ရာခိုင်နှုန်း တိုင်းတာ၍ အာသာချက် ၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးပြီး ကြံစိုက်ပျိုးသည့် နည်းစနစ်များကို လက်တွေ့ ပြသဆောင်ရွက်ခြင်း များပြုလုပ်ရာ တက်ရောက်လာသူများက လေ့လာကြည့်ရှု ခဲ့ကြသည်။

ထိုတောင်သူပညာပေးကွင်းပြပွဲသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်း နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် ဌာနဆိုင်ရာများ ၊ ထင်ပါကျိုင်းကျေးရွာအုပ်စု မှ ကြံစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

‌ဇော်ဇော်အောင် (ပြန်/ဆက်)