ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များ အောင်မြင်ဖြစ်ထွန်း

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဒီဇင်ဘာလလယ်ခန့်မှ စတင်စိုက်ပျိုးခဲ့ကြသည့် ဆောင်းကြက်သွန်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းကြက်သွန်များကို ကြက်မောက်တောင်ဆည်အနီးရှိ လက်ပန် အိုင့်၊ လဲဂွ၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ ဂွေးကုန်းနှင့် ဈေးကုန်း၊ ညောင်တို၊ သရက်တော အစရှိသည့် ကျေးရွာများနှင့် ရေဆုံးကျေးရွာ၊ မလွှကုန်းရွာ၊ ဥယျာဉ်ရွာ၊ ကျွဲကူးရွာတို့တွင် လည်းစိုက်ပျိုးကြပြီး၊ စိထ္တိန်းချောင်းကို အမီပြု၍ စိထ္တိန်းတောင်ရွာ/ မြောက်ရွာတို့တွင်လည်း စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။  ဆောင်းကြက်သွန်များကို ဒီဇင်ဘာလလယ်ခန့်တွင် စိုက်ပျိုးကြရကြောင်း သိရပြီး၊ စိုက်ပျိုးချိန်တွင် မျိုးစေ့ (၁) ပြည်လျှင် (၂) သိန်းကျပ် ပေးရကြောင်းနှင့် စိုက်ရက်ရ အပင်ပေါက် တစ်ပုံးထောင် ပျိုးဈေးမှာ တစ်ပုံးလျှင် ကျပ် (၁) သိန်းခွဲ ပေး၍ စိုက်ပျိုးကြရကြောင်း သိရသည်။ အဆိုပါ ပျိုးပင် (၁) ပုံးမှာ အပင်ရေ (၁) သိန်း ကျော်ပါဝင်ပြီး မိမိမြေပြုပြင်ပြီးပေါင်ပေါ်တွင် အသင့်စိုက်ပျိုးနိုင်ကြောင်း သိရသည်။ စိုက်ပျိုးရန်အတွက် မြေပြုပြင်ခြင်းများကို နောက်ချေးခြခြင်း၊ ငုံးချေးချခြင်းများနှင့်အတူ လုပ်ဆောင်ကြရပြီး၊ မြေပြုပြင်ရန် အတွက် ထွန်းယက်ငှားရမ်းရပါက တစ်နက်လျှင် (၃) သောင်းကျပ် ပေးရကြောင်းနှင့် ထွန်စက်ငှား ထွန်ယက်မည်ဆိုပါက တစ်နာရီ (၆) သောင်းကျပ်ပေးချေရကြောင်း၊ စိုက်ပျိုးချိန်တွင် အချိန်လု၍ စိုက်ပျိုးကြရသဖြင့် အလုပ်သမားခ ဈေးကြီးပေးငှားရမ်းရကြောင်းနှင့် လူတစ်ဦးလျှင် တစ်ရက်လုပ်အားခ ငွေကျပ် (၁) သောင်းပေးရပြီး အချိန်ပိုလုပ်သူများအတွက် တစ်နာရီတွင် ၂၅၀၀ ကျပ် ပေးရကြောင်း ကြက်သွန်စိုက်ပျိုးသည့် တောင်သူက ပြောပါသည်။ ကြက်သွန်ခင်းများကို မိမိမြေကွက်တွင် ၆ ပေအရှည် ပေါင်တန်းများဖြင့် စိုက်ပျိုးကြခြင်းဖြစ်ပြီး၊  တစ်လသားအရွယ်မှစတင်၍ ပိုးသတ်ဆေး/ အားဆေးများ ပက်ဖြန်းပေးရကြောင်းနှင့် ပျိုးပင်ပတ်လည်ရှိ ပေါင်းပင်များကို ဖယ်ရှားပေးရကြောင်း အဆိုပါ ပေါင်းနုတ်ရာတွင် အလုပ်သမားခမှာ တစ်နေကုန် ၈၀၀၀ ကျပ်သာ ပေးရကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဆောင်းကြက်သွန်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြပြီး ကြက်သွန်းဈေးမှာ ယခင်နှစ် ပေါ်ဦးပေါ်ဖျားတွင် တစ်ပိဿာ ငွေကျပ် (၂) ထောင် ဈေးသာရရှိခဲ့ပြီး၊ အမြင့်ဆုံးဈေးငွေ ကျပ် (၃၅၀၀) အထိသာ ရရှိခဲ့ကြောင်း သိရပြီး၊ ယခုနှစ်တွင် ကြက်သွန်အဟောင်းဈေးမှာလည်း တစ်ပိဿာ (၂) ထောင်ကျပ်ရှိသဖြင့် ကြက်သွန်အသစ်ပေါ်ချိန်တွင် ဈေးကောင်းရရှိနိုင်ရန် မျှော်လင့်ကြောင်းနှင့် သွင်းအားစု ကုန်ကျစရိတ်များသဖြင့် ဈေးကောင်းရရှိမှသာလျှင် အဆင်ပြေကြမည်ဖြစ်ကြောင်း အဆိုပါ တောင်သူက ပြောပါသည်။

နေအောင်(ပြန်/ဆက်)