ကျောက်ဆည် ဖေဖော်ဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် ကျေးလက်နေတောင်သူများ လယ်ယာသုံးစက်ကိရိယာ အစိတ်အပိုင်းများ သိရှိနားလည်ပြီး စက်ကိရိယာများ လွယ်ကူစွာတပ်ဆင်နိုင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းနိုင်ခြင်း၊ စနစ်တကျကိုင်တွယ်မောင်းနှင်ခြင်းလုပ်ငန်းများ ပိုမိုကျွမ်းကျင်စေခြင်း၊ ထိရောက်အောင်မြင်စွာ အသုံးချတတ်စေခြင်း၊ ပိုင်နိုင်ကျွမ်းကျင်စွာ အသုံးပြုနိုင်မည့် တောင်သူများ ဖြစ်လာနိုင်ရန်နှင့် ကျေးလက်နေတောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နက်ပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်က လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အခြေခံ၍ တိုင်ပြည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းများ ရာနှုန်းပြည့်အောင်မြင်စေရန်၊ လယ်ယာသုံးစက်ကိရိယာများ ပိုင်ဆိုင်သည့် တောင်သူများနှင့် ထပ်မံဝယ်ယူမည့်တောင်သူများ စက်ကိရိယာများ သုံးစွဲရာတွင် သိရှိသိထိုက်သည့် စက်ပိုင်းဆိုင်ရာ အခြေခံအချက်အလက်များ တတ်ကျွမ်းစေရန်အတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှဦးစီးမှူး ဦးအောင်ဆွေဦးက သင်တန်းစည်းကမ်းချက်များနှင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်း အကြောင်းများ၊ ဒုတိယဦးစီးမှူးများ ဖြစ်ကြသည့် ဦးဇော်ဇော်ထွန်း၊ ဦးအောင်ကျော်စိုးတို့က ထွန်စက်နှင့်ထွန်ယက်ကိရိယာထိန်းသိမ်းမှု၊ လက်တွန်းထွန်စက်၊ လယ်ယာသုံးစက်ကိရိယာများအကြောင်း၊ ထွန်စက်မောင်း(၃) ဦးရဲမင်းခိုင်နှင့် စက်မှုကျွမ်းကျင်-၄ ဦးဝင်းဇော်ဦးတို့က ထွန်စက်ကြီးနှင့်လက်တန်းထွန်စက် လက်တွေ့မောင်းနှင့်မှု၊ ထွန်စက်၊ ထွန်ယက်ကိရိယာနှင့် လက်တွန်းထွန်စက်ထိန်းသိမ်းမှုအကြာင်းများ၊ စပါးရိတ်သိမ်းခြွေလှေ့စက်၊ ကောက်စိုက်စက်အကြောင်းများကို စာတွေ့လက်တွေ့ သင်ကြားခဲ့ရာ သင်တန်းသို့ ကြက်မင်းတွန်၊ ငယ်တိုး၊ သင်တောင်း၊ အင်တိုင်း၊ မှိုင်းပန်၊ မြင်စိုင်း၊ ကြောင်ပန်းကုန်း၊ ညောင်ဝန်း၊ ရွှေလေး၊ ရဲမအူ၊ ဇရပ်ဖြူ၊ ဝမ်းသောင်၊ ကြောင်ပန်းကုန်း၊ ကျောက်ဆောက်ကုန်း၊ ပတ္တာကျေးရွာများမှ တောင်သူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ဖေဖော်ဝါရီ (၃) ရက်နေ့မှ (၁၄) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)