ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (GRADE-5) နှင့် အခြေခံပညာအထက်တန်းအဆင့် (GRADE-9) စာပေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် (GRADE-5) နှင့် အခြေခံပညာအထက်တန်းအဆင့် (GRADE-9) စာပေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၃) ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စာမေးပွဲ မကျင်းပမီ ဆောင်ရွက်ရန် လုပ်ငန်းများ၊ စာမေးပွဲကျင်းပနေစဉ် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် စာမေးပွဲကျင်းပပြီးနောက် ဆောင်ရွက်ရန်လုပ်ငန်းများဟူ၍ အပိုင်း (၃) ပိုင်းခွဲ ဆွေးနွေးခဲ့ကြပြီး၊ စာမေးပွဲမကျင်းပမီ ဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မေးခွန်းလုပ်ငန်းအဖွဲ့ အဖွဲ့စည်းခြင်းနှင့် စာမေးပွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းတို့ကို ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက ရှင်းလင်းဆွေးနွေးပြီး၊ စာမေးပွဲကျင်းပနေစဉ် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်သည့် အချက်များကို မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်ကလည်းကောင်း၊ စာမေးပွဲကျင်းပပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးတင်မောင်ဝင်းကလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် ဆရာ/ ဆရာမများမှ မေးမြန်းသည်များကို အခန်းအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညောင်ဦးခရိုင် ပညာရေးမှူးကိုယ်စား လက်ထောင်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်နှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ စုစုပေါင်း (၆၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)