ပျော်ဘွယ် ဇန်နဝါရီ ၃၁
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)နှင့်ဆောက်လုပ်ခဲ့သည့် ပျော်ဘွယ် မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာ အလင်းမေတ္တာစာကြည့်တိုက်ဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အဆိုပါစာကြည့်တိုက်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာပြည်သူများစုပေါင်း၍ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အလင်းမေတ္တာစာကြည့်တိုက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်းလှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးရွာစာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ အလင်းမေတ္တာစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ထွေးက လက်ခံရယူသည်။
အလင်းမေတ္တာစာကြည့်တိုက်အား မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မတည်ငွေကျပ်သိန်း(၁၅၀)၊ အလှူရှင်များစုပေါင်းလှူဒါန်းငွေကျပ်သိန်း(၂၀၀)ကျော်၊ စုစုပေါင်း ငွေကျပ်သိန်း(၃၅၀)ကျော်ဖြင့် အလျား(၂၄)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိ Steel Structure တစ်ထပ်အဆောက်အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)