ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

ချမ်းမြသာစည် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကျွန်းလုံးဥသျှောင်ရပ်ကွက်အတွင်းရှိ ပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုချောင်များတွင် ချက်ပြုတ်ရာ၌ သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၊ လောင်စာဖိုများကို စနစ်တကျသုံးစွဲမှု ရှိ/ မရှိ၊ အိမ်အတွင်း သွယ်တန်းထားသည့် မီးကြိုးများ ပေါက်ပြဲမှု ရှိ/ မရှိနှင့် သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ဝန်အားခံနိုင်မှု ရှိ/ မရှိ၊ မီးသတ်ဆေးဘူးများ သုံးစွဲမှုရှိ/မရှိနှင့် မီးချိတ်၊ မီးကပ်၊ သဲပုံးများထားရှိမှု ရှိ/ မရှိတို့ကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သည်။ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျန်ရှိသည့် ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့