ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၉

ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် မြန်မာကျောင်းသားများအနေဖြင့် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်၊ အများပြည်သူကျောင်းသားလူငယ်များမှထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန်နှင့် အသိပညာများ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂ဝ၂၅ (ရန်ကုန်)ကို ယနေ့နံနက်ပိုင်းတွင် The Eravati Sule Grand Yangon Hotel ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂ဝ၂၅ (ရန်ကုန်)ဖွင့်ပွဲကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပွဲ‌တော်တွင် ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ တက္ကသိုလ်နှင့် ကောလိပ်များပြည်တွင်းပြည်ပမှ တက္ကသိုလ်နှင့်ကောလိပ်များ၊ ပြည်တွင်းမှ ပုဂ္ဂလိကပညာရေး သင်တန်းကျောင်းများ၊ အိုင်တီသင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာနှင့် နိုင်ငံခြားတက္ကသိုလ်များ၊ နိုင်ငံခြားသင်ရိုးညွှန်းတမ်းများကို ခင်းကျင်းပြသထားသည့် ကျောင်းများ၊ ကျောင်းနေအရွယ်မှစ၍ ပညာသင်ကြားနိုင်သော နိုင်ငံတကာကျောင်းများ ပါဝင်ပြသထားကြောင်း သိရသည်။

ပြပွဲရက်အတွင်း လာရောက်လေ့လာသူများ၊ ကျောင်းသားလူငယ်များကို သက်ဆိုင်ကျောင်းများမှ ပညာရှင်များက ဆွေးနွေးဟောပြောမည်ဖြစ်ပြီး၊ ကျွမ်းကျင်မှုနှင့် ပညာရေးခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောကြမည်ဖြစ်သည်။

အဆိုပါပြပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့မှ ၁၉ ရက်‌နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)