တပ်ကုန်း ဇန်နဝါရီ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ဘယ်လုပ်လုပ်ကြမလဲ”စာအုပ်ကို အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင် ကြည်မူ-ပျဉ်းမနား)နှင့် အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် “ဘယ်လိုလုပ်ကြမလဲ” စာအုပ်တွင်ပါရှိသော “အမှားသိမြင် အမှန်ပြင်၊ ဘယ်လိုလုပ်ကြမလဲ၊ ချစ်သောမျက်စိဖြင့် ကြည့်ပါနှင့် စာဖတ်ကျင့်” စသည့်ခေါင်းစဉ်များ အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်