မိုင်းဖြတ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.မ.က(နားလီး)၏ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက ကျောင်းဝန်းအတွင်းကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန့်လွင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြောင်း သိရသည်။
ရှေးဦးစွာ အ.မ.က(နားလီး)မှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တူနွှဲပျော် သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန့်လွင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် သီရိသုဓမ္မမနိဇောတဓရ ဦးထွန်းရွှေတို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေ (၁၀၂ ဒဿမ ၃၉၈)ကျပ်သန်းဖြင့် ချင်းမိခင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ(RC)တစ်ထပ် ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သန့်လွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားများပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)