နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၁၁) ကြိမ်မြောက် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲဖြေဆိုနေသည့် သံဃာတော်များအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၁၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်၊ ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်၌ ရန်အောင်မြင် ပရိယတ္တိသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် (၁၁) ကြိမ်မြောက် ရန်အောင်မြင်သာသနာလင်္ကာရအကျော်စာမေးပွဲ ပထမနေ့ ဖြေဆိုနေသည့် စာဖြေသံဃာတော်များအား သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့သည်။

(၁၁) ကြိမ်မြောက် သာသနာလင်္ကာကျော်စာမေးပွဲကို ပထမအဆင့် စာဖြေသံဃာ (၁၁၀၂) ပါး၊ သီလရှင် (၁၀၅) ပါး၊ ဒုတိယအဆင့် စာဖြေသံဃာ (၃၂၃) ပါး နှင့် သီလရှင် (၉၇) ပါး၊ တတိယအဆင့် စာဖြေသံဃာ (၁၄၃) ပါး၊ သီလရှင် (၃၆) ပါး၊ စာဖြေသံဃာ၊ သီလရှင် စုစုပေါင်း (၁၈၀၆) ပါး ဖြေဆိုကြပြီး  စာမေးပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပဖြေဆိုသွားမည်ဖြစ်ပါသည်။

(၁၁) ကြိမ်မြောက် ရန်အောင်မြင် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲဖြေဆိုနေသည့် စာဖြေသံဃာတော်များအတွက် မြို့နယ်အတွင်း အလှူရှင်ပြည်သူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ စုပေါင်း၍ ရေသန့်/ အချိုရည်များ ဆပ်ကပ်နိုင်ရေးအတွက် အလှူတော်ငွေကျပ် သိန်းသုံးဆယ်ကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးမှ ပေးအပ်လှူဒါန်းရာ သာသနာလင်္ကာကျော်အသင်းမှ တာဝန်ရှိသူများက လက်ခံရယူပါသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ရန်အောင်မြင်သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲဖြေဆိုရန် ရောက်ရှိတော်မူကြသည့် သံဃာတော်၊ သီလရှင်တို့ ခေတ္တသီတင်းသုံး၊ ဆွမ်းဆက်ကပ်လှူဒါန်းရေးကိစ္စများနှင့် ကျန်းမာရေးစောင့်ရှောက်မမှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

စာအောင်သံဃာတော်များအား အဆင့်လိုက် အောင်လက်မှတ် ဆက်ကပ်မည့် အခမ်းအနားကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှဘုရားကြီးဝန်းရှိ ရန်အောင်မြင်သာသနာလင်္ကာရဗိမာန်တော်၌ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အောင်သူရဦး(ပြန်/ဆက်)