မိုင်းခုတ် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မိုင်းဆတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲလင်းအောင်နှင့် မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်တို့က သင်တန်းသားတပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းကပို့ချလေ့ကျင့်ပေးသည့် အခြေခံအချက်အလက်များကိုသိရှိနားလည်ပြီး ဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းကို အမှာစကားများ ပြောကြားခဲ့ပြီး အဆိုပါသင်တန်းတွင် စံပြဆုရသင်တန်းသား စိုင်းခမ်းစိန်နှင့် သင်တန်းနည်းပြဆရာတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းသို့ ရပ်ကွက်များအတွင်းရှိ လူငယ်အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား (၃၂)ဦး တက်ရောက်ပြီး (၁၉-၁၂-၂၀၂၄)မှ (၉-၁-၂၀၂၅)ရက်နေ့ထိ အခြေခံသဘောတရားများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကြုံတွေ့လာပါက အသုံးချတတ်စေရန် လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)