ကျောက်ဆည် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လွန်ကျော်ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)တွင် ယမန်နေ့နံက်ပိုင်းက တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ဆောင်းသီးနှံဖြစ်သည့် နေကြာရေဆင်းစပ်မျိုး-၁ နှင့် ပိုက်ဆံလျှော် (မျိုးစေ့ထုတ်) စိုက်ခင်းများ၌ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များအား သိရှိစေရန် တောင်သူပညာပေးကွင်းသရုပ်ပြပွဲနှင့် နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးကြီးက်ပရေးအဖွဲ့၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များမှ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးများ၊ ဝန်ထမ်းများနေကြာသီးနှံနှင့်ပိုက်ဆံလျှော်စိုက်ပျိုးသည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်မှ ၂၀၂၅-၂၀၂၆ ခုနှစ် တွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်းများ ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများအနေဖြင့် လွန်ကျော်ခြံ၌ တစ်ကွင်းတစ်ဆက်တည်း ဧကကျယ် စိုက်ပျိုးထားသော ရေဆင်း-၁ စပ်မျိုးနေကြာနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ၊ စံချိန်စံညွှန်းနှင့်အညီမျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်နေသည့်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်မျိုးစေ့သိုလှောင်ပုံနည်းစနစ်များ သိရှိစေရန်နှင့် လွန်ကျော်ခြံမျိုးစေ့သိုလှောင်ရုံ၌ ဝါသီးနှံအပြင် အခြားသီးနှံဖြစ်သည့် နေကြာ၊ ပိုက်ဆံလျှော်၊ စပါးစသည့် သီးနှံများအား မျိုးစေ့သိုလှောင်မှု စနစ်နှင့် မျိုးအလုံအလောက် ဖြန့်ဖြူး ပေးနိုင်မှုအခြေအနေအား သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲနှင့် ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ထို့နောက် လွန်ကျော်ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)ခြံ တာဝန်ခံ ဒေါက်တာအေးအေးမြတ်နှင့်တာဝန်ရှိသူတို့က လွန်ကျော်ခြံ၌ တစ်ကွင်းတစ်ဆက်တည်း (၂၅) ဧက စိုက်ပျိုးထားသော ဆောင်းသီးနှံရေဆင်း-၁စပ်မျိုးနေကြာနှင့် (၂၀)ဧကအကျယ် စိုက်ပျိုး ထားသော ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းများအား တောင်သူများနှင့်အတူ ကွင်းဆင်း၍ မျိုးကူးစပ်ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ ရှင်းလင်းပြောကြားခဲ့ပြီး၊ မျိုးစေ့သိုလှောင်ရုံ၌ ရွှေတောင်-၈-၊ ရွှေတောင်- ၁၀ဝါမျိုးစေ့များ၊ နေကြာမျိုးစေ့၊ ပိုက်ဆံလျှော် မျိုးစေ့၊ အောင်နိုင်တိုး( YSR-1 )နှင့် ဧရာပဒေသာ စပါးမျိုးသန့် မျိုးစေ့များစနစ်တကျ သိုလှောင်ထားရှိမှုနှင့် မျိုးစေ့အလုံအလောက်ဖြန့်ဖြူးနိုင်မည့် အခြေအနေများအား လက်တွေ့ပြသခဲ့ပြီး တောင်သူများအနေဖြင့် မိမိတို့လိုအပ်သောမျိုးစေ့များ ဝယ်ယူလိုပါက ဝယ်ယူနိုင်ကြောင်းနှင့် တောင်သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး မျိုးစေ့များ လက်တွေ့ဝယ်ယူသွားကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)