တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး တွေ့ဆုံဆွေးနွေး

တာချီလိတ် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါကောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက မြန်မာနိုင်ငံတွင် မီးလောင်မှု(Fire Hotspot) ဖြစ်ပေါ်မှုများ၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြူမှုန်ကင်းစင်သော ကောင်းကင်ဖြစ်ပေါ်စေရေး မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ငံ ပူးတွဲလုပ်ငန်းစီမံချက် Clear Sky Strategy (2024-2030) ၏ လုပ်ငန်းစဉ်များ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းပြီး ကျန်းမာရေးထိခိုက်ခြင်းနှင့် အရွယ်မတိုင်ခင် သေဆုံးခြင်းဖြစ်ပေါ်မှုများနှင့် Fire Hotspot လျော့ချရေး ဒေသန္တရအမိန့်ဖောက်ဖျက် ကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ် ဆောင်ရွက်နိုင်ရေးတို့ကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းသူက လေထုညစ်ညမ်းမှုနှင့် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းကာကွယ်ရေးကိုလည်းကောင်း၊ ခရိုင်သစ်တောဦးစီးမှူး ဦးအောင်ထွန်း-၃က တောမီးလောင်ကျွမ်းမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမိုးကျော်စွာဝင်းက လယ်ယာထွက်စွန့်ပစ်ပစ္စည်းမျာ မီးမရှို့ဘဲ စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျပြန်လည် အသုံးပြုရေးကိုလည်းကောင်း အသီးသီးဆွေးနွေးပြောကြားကာ ပြည်သူများ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားပေးပြီး လေထုထဲတွင်ပါဝင်သော PM 2.5 အသိပညာပေး ဗီဒီယိုကို ပြသသည်။ အဆိုပါဆွေးနွေးပွဲသို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ကျေးရွာ(၂၁)ရွာနှင့် မိုင်းဖုန်း(ခ)ကျေးရွာ အုပ်စုရှိ ကျေးရွာ(၂၂)ရွာမှ ဒေသခံပြည်သူ(၆၀၀)ဦးကျော်တက်ရောက်ခဲ့သည်။

အလားတူ မွန်းလွဲ ၁ နာရီက ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ဖန်မင်ကျေးရွာအုပ်စုရှိ ကျေးရွာ(၁၇)ရွာနှင့် မိုင်းကိုးကျေးရွာအုပ်စုရှိ ကျေးရွာ(၅၃)ရွာမှ ဒေသခံပြည်သူ(၈၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)