မိုင်းနောင် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း )၊ မိုင်းနောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်မှ နေ့လည်(၁)နာရီအချိန်ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှ ဗိုလ်မှူးကြီးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေကာ ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းအပေါ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းတက်မှန်ဆုရရှိသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်
မနန်း(မိုင်းနောင်)