မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မှော်ဘီ ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြို့ရှောင်လမ်းရှိ YBS ယာဉ်လိုင်း၊ (၉၆)ဂိတ်ခန်းမတွင် YBS ယာဉ်မောင်းသူနှင့် ယာဉ်ကြီးမောင်းသူ (၉၀)ဦးတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မှော်ဘီတပ်ဖွဲ့စု (၆၄)မှ ဒုရဲမှူးအောင်ဇော်က မှော်ဘီမြို့၌ YBS ယာဉ်မောင်းနှင်သူနှင့် ယာဉ်ကြီးမောင်းနှင်သူ အယောက်(၉၀)ဦးတို့အား ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာနှင့်ပတ်သက်၍ လိုက်နာရန်နှင့် ရှောင်ရန်အချက်အလက်များကို ပြောကြားရာတွင် ယာဉ်မောင်းသူများအနေဖြင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီး အရှိန်ပြင်းစွာမောင်းနှင်ကျော်တက်ခြင်း၊ ဖုန်းပြော၍ မောင်းနှင်ခြင်းများ မပြုလုပ်ကြရန်နှင့် မြို့တွင်းမောင်းနှင်ခြင်း (၄၈)ကီလိုမီတာ၊ မြို့ပြင်တစ်နာရီ(၈၀)မိုင်နှုန်းဖြင့်သာ မောင်းနှင်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မှော်ဘီမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု (၆၄)မှ ဒုရဲမှူးအောင်ဇော်နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်(၅)ဦး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာ၊ မြို့ရှောင်လမ်းရှိ YBSလိုင်း (၉၆)ဂိတ်ရှိ YBSယာဉ်မောင်းများနှင့် ယာဉ်ကြီးမောင်းနှင်သူ အယောက်(၉၀)ဦးတို့နှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)