ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရွှေစင်ရွှေပြားများအား ပန်းရထားဖြင့် စတင်ကပ်လှူပူဇော်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းရွှေစင်ရွှေပြားများအား ပန်းရထားဖြင့် စတင်ကပ်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီ ၂၁ မိနစ်တွင် အဆိုပါစေတီတော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ကြသည်။

အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဆရာတော် ဘဒ္ဒန္တကုမာရအရှင်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

ဆက်လက်၍ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီအတွင်းရေးမှူးဦးမျိုးမြင့်မှ ရွှေသင်္ကန်းကပ်လှူပူဇော်ရေး လုပ်ငန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများအား တင်ပြလျှောက်ထား၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ စွန်းလွန်းဂူဝိပဿနာကျောင်း၊ ဆရာတော်ဘဒ္ဒန္တသုန္ဒရအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်ပြီးမြောက်ခဲ့သည်။

ဆက်လက်၍ စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ပြီး ရွှေစင်ရွှေပြားများကို ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဆောင်၍ ပန်းရထားဖြင့်တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)