မြစ်သား ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါလက္ခဏာများရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန ကျန်းမာရေးအဖွဲ့များက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန မြို့နယ်ကျန်းမာရေး ဆရာမ ဒေါ်ခင်မြဝင်းက ကျောင်းသား၊ ကျောင်းသူများကို တီဘီရောဂါ လက္ခဏာများဖြစ်သည့် ချောင်းဆိုးလျှင် သွေး၊ သလိပ်ပါခြင်း၊ တငွေ့ငွေ့ဖျားခြင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတွင်အကြိတ်ထွက်ခြင်း၊ ကိုယ် အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာခြင်း၊ ညအခါ ချွေးအလွန်အကျွံထွက်ခြင်းစသည့် ရောဂါလက္ခဏာများတွေ့ရှိပါက အမြန်ဆုံးစစ်ဆေးရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးအဖွဲ့များက တီဘီရောဂါလက္ခဏာများရှိ/မရှိ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီကို စစ်ဆေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(ပြန်/ဆက်)