ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား ဇန်နဝါရီ ၇

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ နံနက် (၆) နာရီခွဲတွင် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ စထွက်နေရာ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီး နားဂေါက်ကလပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မီးခိုးဘောလုံး (Smoke Ball) ကိုရိုက်၍ ဖွင့်လှစ်ပေးကြကာ ပါဝင်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးရိုက်အသင်းပေါင်း(၂၇)သင်းမှ ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ညနေ ၆ နာရီတွင် အဆိုပါ ဂေါက်ကွင်း၌ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပြီး ဂေါက်သီး ရိုက်ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဂေါက်သီးရိုက်ပြိုင်ပွဲဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ဂေါက်သီးရိုက်ပြိုင်ပွဲအထိမ်းအမှတ် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့အား ဂါဝရပြုပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားရိုးရာအကအလှများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်မှု ကိုကြည့်ရှုအားပေးခဲ့ကြပြီး ဆုများကို ပေးအပ်ချီးမြှင့်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အဝေးဆုံးရိုက်ချက်၊ ကျင်းနှင့်အနီးဆုံးရိုက်ချက် စသည့်တစ်ဦးချင်း အထူးဆုရရှိသူများ၊ လူငယ်မျိုးဆက်သစ်ဆုရရှိသူများ၊ သက်ကြီးတန်းဆုရရှိသူများ၊ Pro အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ကြေးအဆင့်ပြိုင်ပွဲ၊ ငွေအဆင့်ပြိုင်ပွဲနှင့် ရွှေအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း တစ်ဦးချင်းဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အကျောမဲ့ပြိုင်ပွဲဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အသင်းလိုက်ပြိုင်ပွဲတွင် ဒုတိယ၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က  အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အသင်းတို့အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)