မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြိုနယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က သပြေကုန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၁) ကျောင်းသား/ကျောင်းသူများမှ “တူယှဥ်နွဲပျော် ပညာရေးစုံညီပွဲတော်”သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ရီရီစန္ဒာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိုးက ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အတန်းအသီးသီး၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ ဂုဏ်ထူးဆုရရှိသူများ၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆုရ ကျောင်းသား၊ကျောင်းသူများ၊ ထူးချွန်အောင်မြင်အောင်သင်ကြားပေးပါသော ဆရာ၊ ဆရာမများ၊ ပြည်ထောင်စုနေ့၊ ကမ္ဘာဆရာများနေ့နှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်ပါး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ကျောင်းစီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းဆောင်ရည်ဆုရ ဆရာမများ၊ ရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းစွမ်းဆောင်ရည်ဆုရ ဝန်ထမ်းများတို့ကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက “လောကမီးအိမ်၊ ဗမာမလေး၊ ချမ်းပါတယ်၊ ယိမ်းသမလေး၊ ဂျိမ်းဖောအက၊ ဒီဇင်ဘာည၊ ဗိုလ်အောင်ဒင်၊ စင်ဒရဲလား၊ အလှကမ္ဘာမြေ၊ ထာဝရသစ္စာ၊ နေကာမျက်မှန်၊ ရိုးရိုးလေးနှင့် မြန်မာ့ကျောင်း” သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်၏ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)