တောင်ကြီး ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက နောင်ကားကျေးရွာအုပ်စု၊ ဖောင်မှူးကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများ၊ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ ကျေးလက်ကုန်ထုတ် လမ်း/တံတားလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ရေရရှိရေးလုပ်ငန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ တွင်းနက် ၁၇ ခု၊ စိမ့်စမ်း ၆၃ ခု၊ ပိုက်လိုင်းသွယ်တန်းခြင်း ၃ ခု၊ အခြား ၇၀ ခု ၊ စုစုပေါင်း ၁၅၇ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖောင်မှူးကျေးရွာအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)၊ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ဆိုလာမြှင့်တင်စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာသူ/ကျေးရွာသားမှလည်း ရေရှည်သုံးစွဲ၍ရအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးထားသည့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းသည် ကျေးရွာနေ ပြည်သူများအတွက် သောက်ရေအတွက်သော်လည်းကောင်း၊ သုံးရေအတွက်သော်လည်းကောင်း မရှိမဖြစ် လိုအပ်သည့်အရာဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ် ငန်းများနှင့် ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများသည် ကျေးလက်နေပြည်သူများ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေသည့်အတွက် ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနဖြင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် တာဝန်ရှိသူများမှ နောင်ကား ကျေးရွာ အုပ်စု၊ ဖောင်မှူးကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဆိုလာမြှင့်တင်စနစ်ဖြင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို အမွေးနံ့သာရည်များ ပတ်ဖျန်းပြီး လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)