စဉ့်ကိုင်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင် ‌ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးခန်းမ၌ ကျင်းပရာ ကျောက်ဆည်ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကား‌ပြောကြားပြီး ကျောက်ဆည်ခရိုင်ပညာရေးမှူး ဒေါက်တာ ဥမ္မာကြည်က ပညာရေးစုံညပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  ကျောက်ဆည်ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်‌အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးထူးချွန်ဆုနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် လုပ်အား ပေးဆရာမများ၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်းခံရသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊  ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အထက်တန်းပြဆရာမတစ်ဦးမှ တစ်ပင်တိုင်အကဖြင့် ကပြဖျော်ဖြေခဲ့ပြီး အ.ထ.က (စဉ့်ကိုင်) ကျောင်းမှ ကျောင်းသား၊ ကျောင်း သူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အလားတူ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အ.ထ.က(စဉ့်ကိုင်)၊ အ.လ.က(ခွဲ) (တရုတ်စု)၊ အ.မ.က(ကသဲစု)၊ အ.လ.က (ထန်းသုံးပင်)တို့လည်း ပညာရေးစုံညီပွဲတော်များ အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)(၃၉၉)