ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ ယနေ့နံနက် ၁၁ နာရီက ဖြန့်ဝေသည်။
အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီး စာစောင်တွင် ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ကျင်းပသော ဖဆပလ ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ကဗျာနှင့် ကာတွန်းများပါဝင်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များ အကြောင်းကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်နှင့် အသိပညာများ တိုးပွားလာစေရန် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သန္တာ