မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးအုပ်စု၊ ဖကျောက်ခေတ်မီစံပြကျေးရွာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ VDP စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ကျင်းပရာ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသက်နောင်ထူးက အမှာစကားပြောကြား၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းစိုးစိုးက စီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပြီး ကွန်ကရစ်လမ်းသစ်အား အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ကျင်းပရာ တာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားပြောကြားပြီး ထူးချွန်ဆုရရှိသည့် သင်တန်းသူများအား အပ်ချုပ်စက်နှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးမျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာ(SMART Village)များကို ထူထောင်လျက်ရှိပြီး ဖကျောက်ခေတ်မီစံပြကျေးရွာတွင် ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နန်းစီဖေါင်း(ပြန်/ဆက်)