နေပြည်တော် ဇန်နဝါရီ ၂
၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် နေပြည်တော် MSME ပြခန်း၊ ရိုးရာအစားအစာပြခန်းများ စီစဉ်ဆောင်ရွက်ရေး၊ မှတ်တမ်းပြုစုရေးနှင့် နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် MSME အသင်းဝင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများသည် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသော နည်းလမ်း (၄)ရပ်ကို အခြေခံ၍ ဒေသတွင်းကုန်ကြမ်းများမှ ကုန်ချောအဆင့်သို့ ပြောင်းလဲထုတ်လုပ်ရခြင်းဖြစ်သည့်အတွက် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ အကျိုးစီးပွားအပြန်အလှန်ဖြစ်ထွန်းစေခြင်းတို့အတွက် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် MSME ထုတ်ကုန်များအပြင် One Region One Product (OROP) ထုတ်ကုန်များ၊ သွင်းကုန်အစားထိုး တန်ဖိုးမြင့်ထုတ်ကုန်များနှင့်ကဏ္ဍအလိုက် ခင်းကျင်းပြသမည့် အမည်စာရင်းများကိုလည်း စနစ်တကျ စာရင်းပြုစုထားရန်လိုအပ်ကြောင်း၊ MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲကျင်းပမည့် ထုတ်ကုန်အမယ်များအပေါ်မူတည်၍ ပြခန်းပြင်ဆင်ခြင်းများကို သက်ဆိုင်ရာ ကဏ္ဍလိုက် ပေါင်းစပ်ဆောင်ရွက်စေလိုကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြ အကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက မိမိတို့ဌာနအလိုက် ပြပွဲပြခန်းများတွင် ပြသမည့်အချက်များ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို ဖြည့်စွက်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)