မြစ်ကြီးနား ဒီဇင်ဘာ ၃၀
အများပြည်သူရုံးပိတ်ရက်များတွင် ပြည်သူများ လွတ်လပ်စွာ ပျော်ရွှင်နိုင်ရေးအတွက် ပန်းခြံများ သန့်ရှင်းသပ်ယပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာ တရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ ပန်းခြံများနှင့် ကစားကွင်းများအား ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ အများပြည်သူအပန်းဖြေရာနေရာ တစ်ခုဖြစ်သည့် စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်းသို့ သွားရောက်ပြီး ပန်းခြံအတွင်း လျှောက်လမ်းများ၊ ဈေးဆိုင်ခန်းများ သန့်ရှင်းမှုရှိစေရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ပန်းပင်များနှင့်မြက်များ ဖြည့်စွက်စိုက်ပျိုးနိုင်ရေး၊ ကျန်းမာရေးဆိုင်ရာအားကစားပစ္စည်းများ အသစ်တပ်ဆင်လဲလှယ်ပေးနိုင်ရေး၊ ကလေးငယ်များ အန္တရာယ်ကင်းရှင်းစွာ ဆော့ကစားနိုင်ရေး ကစားကွင်းများအား သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြစ်ကြီးနားလေဆိပ်ရှေ့ရှိ မလိခပန်းခြံငယ်နှင့် အောင်ဇေရန်အောင်ဘုရားအနီးရှိ မေခပန်းခြံသို့ သွားရောက်ပြီး ပန်းခြံများအတွင်း အမှိုက်ကင်းစင်ရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် မေခပန်းခြံရှိ Welcome to Myitkyina နှင့် ပုံဖော်ဆောင်ရွက်ထားသော ပန်းခြံစာသားတို့အား ရောင်စုံစလိုက်မီးများ ထွန်းညှိထားရှိရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထိုမှတစ်ဆင့် မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံသို့ သွားရောက်ကာ ပြည်နယ်ဝန်ကြီးက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဒီဇင်ဘာ ၃၁ ရက်နေ့ ညသည် နှစ်သစ်ကူးညဖြစ်သည့်အတွက် ရောင်စုံအလှမီးများ ထွန်းညှိထားရှိရေး၊ အများ ပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်ရေး လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိ ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)