မန္တလေး ဒီဇင်ဘာ ၃၀
အ.ထ.က(၁၀) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၂၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်း၊ ၂၂ လမ်းထောင့်ရှိ အဆိုပါကျောင်း မြနန္ဒာခန်းမတွင်ကျင်းပပြုလုပ်ရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၆၀)ဦး၊ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ နာယကများ၊ ဥက္ကဋ္ဌ ဦးထွန်းဝေနှင့် ကော်မတီဝင်များ၊ ကျောင်းသား/ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသား၊ ကျောင်းသူဟောင်းများက ကန်တော့ချိုးဖြင့် ကန်တော့ရာ ဦးနေလင်းက ကန်တော့ချိုးကို တိုင်ကြားပေးသည်။ ထို့နောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးဦးကျော်ဝင်းမောင်နှင့် ဆရာမကြီးဒေါ်မြင့်မြင့်ကြည်တို့က ဆုံးမစကား ပြောကြားပေးသည်။
ဆက်လက်၍ အ.ထ.က(၁၀)အတွက် အလှူငွေပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းက ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးဇော်လင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကျော်နိုင်မင်းက လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
၎င်းနောက် ကန်တော့ခံ ဆရာကြီး၊ဆရာမကြီး (၆၀)ဦးတို့အား ကန်တော့ငွေ ကျပ်တစ်သိန်းငါးသောင်းနှင့် ဂါရဝပြုပစ္စည်းများ၊ တစ်ဦးချင်းကန်တော့ငွေများကို ကျောင်းသား၊ကျောင်းသူဟောင်းများက တစ်ဦးချင်းဂါရဝပြု ပေးအပ်ကြပြီး ဆရာ၊ဆရာမကြီးများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
အောင်စံ(ပြန်/ဆက်)