ကွမ်းခြံကုန်း ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများသည် စိမ်းလန်းစိုပြည်သောကျောင်းဆု ရွေးချယ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များသည် အ.ထ.က(၁) သီရိရတနာခန်းမတွင် ခင်းကျင်းပြသထားသော ကျောင်းသား/ကျောင်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့်ပန်းချီ၊ ကဗျာ၊ ပိုစတာ၊ နံရံကပ်စာစောင်များ၊ စွန့်ပစ်ပစ္စည်းများအား အသုံးပြု၍ အသုံးအဆောင်ပစ္စည်းများ ပြန်လည်ပြုလုပ်ထားမှုအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ရုပ်ပြကာတွန်းစာအုပ်များ၊ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အ.ထ.က(၁)ကျောင်းဝန်းအတွင်း စိုက်ပျိုးထားရှိသည့် သီးနှံစိုက်ခင်းများနှင့် ကျောင်းစာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)