ကော့သောင်း ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲများ၊ ကာယဉာဏပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်ကလွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်လွတ်လပ်ရေး၏ အဓိပ္ပါယ်များ၊ လူငယ်လူရွယ်များအနေဖြင့် မျိုးဆက်သစ်တို့ ဆက်လက် ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး၊ ကျောင်းသား၊ ကျောင်းသူများက စကားပုံဆက်နှင့် အရုပ်ဆက် ပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းကစားခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများစသည့် ကာယဉာဏပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု နံရံကပ်စာစောင်များ၊ဓာတ်ပုံများနှင့် စာအုပ်စာစောင်ပြပွဲများအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)