ရန်ကုန် ဒီဇင်ဘာ ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ မဟာဝိသုဒ္ဓါရုံပါဠိတက္ကသိုလ် ရွှေကျင်တိုက်သစ်ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီး ဘဒ္ဒန္တသီရိန္ဒာဘိဝံသ ဆရာတော်ထံသွားရောက်၍ ကျန်းမာရေးအခြေအနေများနှင့် သာသနာတော်ဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် တာဝန်ရှိသူများလိုက်ပါလျက် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ငြမ်းစေတီပေါ်သို့တက်ရောက်၍ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နေမှုလုပ်ငန်းများ၊ စေတီတော်ကြီး၏ ထီးတော်၊ ကြံ့ခိုင်ရေးစစ်ဆေးဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ထီးတော်၏ ဇွန်လေးဘုံနှင့် ဆပ်သွားဖူးတို့အား ရောင်တော်စတင်ဖွင့်လှစ်ရန်၊ စေတီတော်ကြီးအထက်ပိုင်းမှ အောက်သို့ လုပ်ငန်းပြီးစီးမှုအဆင့်အလိုက် ရောင်တော်ဖွင့်လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အထက်ပစ္စယံသို့ တက်ရောက်သည့် လှေကားပြုပြင်နေမှုအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အနောက်ဘက်စောင်းတန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားမှုနှင့် ရင်ပြင်တော်ပတ်လည် ဆီမီးခုံနှင့် စဉ့်ကွက်များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ရင်ပြင်တော်တစ်ပတ် လှည့်လည်ကြည့်ရှုစစ်ဆေး၍ အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်ရန်၊ သတ်မှတ်ချိန်အတိုင်း ပြီးစီးစေရန် မှာကြားခဲ့သည်။
ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး ဦးဆောင်၍ အစည်းအဝေးကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များက ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မှုအခြေအနေများ၊ စေတီတော်ကြီးကြံ့ခိုင်ရေးဆောင်ရွက်မှုအခြေအနေများ၊ စေတီတော်ရင်ပြင်နှင့် ဝတ္ထုကံမြေအတွင်း သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်မှုအခြေအနေများ၊ ဂေါပကအဖွဲ့ရုံးဌာနအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဂေါပကအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် နေ့လယ် ၂ နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးကြီးကြပ်မှုကော်မတီတို့၏ ညွှန်ကြားထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အလေးထားလိုက်နာရန်လိုကြောင်း၊ ခရီးသွားကုမ္ပဏီများကို ကော်မတီအဖွဲ့ဝင်အဖြစ် လက်ခံရာတွင်လည်း စနစ်တကျစိစစ်လက်ခံရန်လိုကြောင်း၊ ကော်မတီအဖွဲ့ဝင်ခရီးသွားကုမ္ပဏီများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများအား အလုံးစုံနားလည်နိုင်ရေး ရှင်းလင်းပြောကြား၍ ကတိဝန်ခံချက်များ ရေးထိုးထားရန်လိုကြောင်း၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့ရှိ ဗုဒ္ဓဂယာသို့ ဘုရားဖူးအဖွဲ့များ သွားရောက်ကြရာ၌ ကုမ္ပဏီများနှင့် ဘုရားဖူးခရီးသည်များ တရားမဝင်ပစ္စည်းများ သယ်ယူမှုမရှိစေရေး စိစစ်ကြပ်မတ်ကြရန်၊ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ စည်းကမ်းချိုးဖောက်သော ကုမ္ပဏီများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ရေးလုပ်ငန်းကော်မတီတို့မှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များမှ ဆက်လက်ဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့သည်။
အောင်မြင့်(ပြန်/ဆက်)