မိုင်းယု ဒီဇင်ဘာ ၂၈
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “ဘဝသစ်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမှတ်(၁၈) စစ်ဆင်းရေးကွပ်ကဲရေးမှုဌာနချုပ် ဒုတိယစစ်ဆင်းရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သက်နောင်ထူးက ကျေးလက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယစစ်ဆင်းရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးက စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မှု မှတ်တမ်းများအား စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနန်ပန်ထံ လွဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မိုင်းယောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အမှာစကား ပြောကြားပြီး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အတွက် အလှူရှင်များက လှူဒါန်းထားသည့် စာအုပ်စာစောင်များအား စာကြည့်တိုက်မှူး ဒေါ်နန်းကိန်းထံ လွဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအားချာက စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် ပတ်သတ်၍ အမှာစကား ပြောကြားခဲ့ပြီး စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် “ဘဝသစ်” စာကြည့်တိုက် အဆောက်အအုံသစ်အား တာဝန်ရှိသူများက အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းနှင့် စာကြည့်တိုက်အတွင်း အမှတ်(၁၈)စစ်ဆင်းရေးကွပ်ကဲရေးမှုဌာနချုပ် ဒုတိယစစ်ဆင်းရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးနှင့်အတူ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)