ဒုတိယဝန်ကြီး ဦးဌေးလှိုင် အင်းစိန်ခရိုင်ဦးစီးမှူးရုံးရှိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး အင်းစိန်မြို့နယ်ဦးစီးမှူးရုံး၌ e-ID စနစ်ဖြင့် Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနေမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် မှတ်တမ်းခန်း၌ ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစန်းလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း၊ အင်းစိန်ခရိုင် ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးယဉ်ထွန်း၊ အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍  အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီထုတ်ပေးရေး e-ID စနစ်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးရေး၊ ပြည်တွင်းနေနိုင်ငံခြားသားများ နှစ်စဉ်လဲလှယ်မှုအခွန်ပေးဆောင်မှု ပြည့်ဝရရှိရေး၊ နိုင်ငံခြားသားများရောက်ရှိကြောင်း Form-C တိုင်ကြားခြင်း၊ သွားလာနေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်း၊ ပြန်လည်ထွက်ခွာခြင်းများကို ဥပဒေနှင့်အညီထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရေး၊ လုပ်ငန်းဆောင်ရွက်မှုအားလုံးကို တည်ဆဲဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို