မြစ်ကြီးနား ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နှစ်စဉ် ကျင်းပလေ့ရှိရာ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရစ္စမတ်ပွဲတော် ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများ၊ ကက်သလစ်အသင်းတော် ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများက ပွဲတော်အစပြုရန် ဆက်ကပ်ဆုတောင်းပေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်က ယခုလို ခရစ်တော်၏ မွေးနေ့မြတ်မင်္ဂလာကာလ၌ တိုင်းရင်းသား မျိုးနွယ်စုအသီးသီးနှင့် စုပေါင်း၍ ဝတ်ပြုဆုတောင်းခြင်း၊ ပွဲတော်ကျင်းပရခြင်းတို့အတွက် အထူးပင် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူပါကြောင်း၊ တည်ငြိမ်အေးချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော၊ စားရေရိက္ခာပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ဖို့ရန် ဆုတောင်း ဆက်ကပ်ပေးစေလိုပါကြောင်း ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။
ဆက်လက်၍ ဝတ်ပြုခြင်းအစီအစဉ်ဖြင့် ဂုဏ်တော်သီချင်း သီဆိုဆက်ကပ်ခြင်း၊ သိက္ခာတော်ရ ဆရာ ဦးစံမောင်က ကောင်းချီးတောင်းခံဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်းသံပြိုင်သီဆိုခြင်းနှင့် ဘုန်းတော်ကြီး သန်းလွင်က ဓမ္မဒေသနာတော်များ ဟောကြားခြင်း၊ သိက္ခာတော်ရဆရာတော် Rev မရစ်အောင်လတ်က ကောင်းချီးပေး ဆုတောင်းဆက်ကပ်အပ်နှံခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့ကဝတ်ပြုဆုတောင်းခြင်းအစီအစဉ်တွင် ပါဝင်ဆက်ကပ်ပေးကြသော သိက္ခာတော်ရဆရာများနှင့် ဘုန်းတော်ကြီးတို့အတွက် ခရစ္စမတ်လက်ဆောင် များကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးတို့က ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှု အသင်းချုပ်ဥက္ကဋ္ဌ အပါအဝင် ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားမျိုးနွယ်စု များအားလုံးအတွက် ခရစ္စမတ်လက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများ အား ခရစ္စမတ်နေ့လယ်စာကို အတူကတွ ရင်းနှီးနွေးထွေးစွာ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများသည် အဆိုပါ မနောကွင်းအရှေ့ဘက် လုံဂါဘာစားသောက်ဆိုင်အနီး ဧရာဝတီမြစ်ဆိပ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီရှုခင်းသားအပန်းဖြေစခန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၆ နာရီခွဲကလည်း မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်သော မြစ်ကြီးနားဂေါက်ကလပ်၏ ကောက်သစ်စားပွဲနှင့် ခရစ္စမတ်အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဖွင့်ပွဲအထိမ်းအမှတ် ရောင်စုံဂေါက်သီးကိုရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဖွင့်ပွဲတက်ရောက်လာကြသူများ၊ ဂေါက်သီးရိုက်သမားများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)