စစ်ကိုင်း ဒီဇင်ဘာ ၂၇
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာ မို့မို့ရီက မိမိတို့တက္ကသိုလ်အနေဖြင့် စီးပွားရေးနှင့် ICT ပညာရပ်အပြင် လူမှုရေးစိတ်ဓာတ်နှင့်ပူးပေါင်း ဆောင်ရွက်တတ်သော သဘောတရားများ၊ အလိုအပ်ဆုံးသော အခြေခံကောင်းများကို သင်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ယှဉ်ပြိုင်နိုင်သော စွန့်ဦးတီထွင်လုပ်ငန်း ရှင်များဖြစ်အောင် ကြိုးစားသွားကြရန်၊ ယနေ့မောင်မယ်တို့ကို ရိုးသားဖြောင့်မတ်သော၊ အများအကျိုး ဆောင်လိုသော၊ တိုးတက်ကြီးပွားလိုသော စိတ်ကောင်းများဖြင့် ဘက်စုံကဏ္ဍစုံကနေ နိုင်ငံတော်ကို လက်တွေ့အကျိုးပြုကြရန်လိုကြောင်း၊ နိုင်ငံတော်မှအားထားရသော တာဝန်ယူတတ်သည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်စွမ်းဆောင်ရှင်များ ဖြစ်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဆက်လက်ကျင်းပရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်ဒေါက်တာ မို့မို့ရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မဟာဘွဲ့(၇)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့(၂၂၁)ဦး၊ Dip HRM ဒီပလိုမာတန်း(၂၅)ဦး၊ စုစုပေါင်း(၂၂၅)ဦးရှိပြီး တက်ရောက် ဘွဲ့ယူသူ(၂၁၀)ဦး၊ အဝေးရောက်ဘွဲ့ယူသူ (၄၅)ဦးတို့ကို သက်ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်း(ပြန်/ဆက်)