ထားဝယ် ဒီဇင်ဘာ ၂၆
၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် အောင်နိုင်ဆုများဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ရည်ရွယ်ချက်အနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများထွက်ပေါ်လာစေရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအချင်းချင်း ဝန်ကြီးဌာနများအချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိပြီးအားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာစေရန်၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှား ကစားလာစေရန်ဆိုသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပသောပွဲတော်တစ်ခုဖြစ်ကြောင်း၊ အားကစားနည်း(၂၃)နည်းအနက် တနင်္သာရီတိုင်းဒေသကြီးက အားကစားနည်း(၂၀)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးပြေးခုန်ပစ်အားကစားနည်းတွင် ရွှေ(၁၁)ခု၊ ငွေ(၂)ခု၊ ကြေး(၆)ခု၊ ဂေါက်သီး အားကစား နည်းတွင် ရွှေ(၁)ခု၊ ငွေ(၂)ခု၊ ဂျူဒိုပြိုင်ပွဲတွင် ရွှေ(၁)ခု၊ လက်ဝှေ့ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု၊ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် ဒုတိယဆု၊ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားဖူဆယ်ဘောလုံး အသင်းအနေဖြင့်တတိယ၊ မြန်မာ့သိုင်းပြိုင်ပွဲတွင် ကြေး(၁) ခု၊ တိုက်ကွမ်ဒိုပြိုင်ပတွင် ကြေး(၁)ခု၊ ဝူရှူး(ဆန်းဆို) အားကစားနည်းတွင် ရွှေ(၁)ခု စုစုပေါင်းရွှေ(၁၅)ခု၊ ငွေ(၆)ခု၊ ကြေး(၁၁)ခုတို့ကိုဆွတ်ခူးနိုင်ခဲ့သောကြောင့် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်တနင်္သာရီတိုင်းဒေသကြီးက ရရှိခဲ့သည့် ရွှေ(၁၀)ခု၊ ငွေ(၁၈)ခု၊ ကြေး(၃၆)ခုနှင့် နှိုင်းယှဉ်ရင် ရွှေတံဆိပ်ရရှိမှုတွင်(၅၀ %)ကျော် တိုးတက်ရရှိလာတာကို တွေ့ရှိရကြောင်း၊ ဒါ့အပြင်တနင်္သာရီတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအနေဖြင့် ရွှေတံဆိပ်(၁၁)ခု၊ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၆)ခုဆွတ်ခူးနိုင်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပထမဆုဆွတ်ခူးနိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ရရှိပြီးသော အောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန် မလျှော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓါတ်များနှင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန် “တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင်ကြိုးပမ်း” “ယှဉ်ပြိုင်လျှင်နိုင်ရမည်”ဆိုသည့်ဆောင်ပုဒ်များကိုလက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားအဖွဲ့ခေါင်းဆောင်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြေးခုန်ပစ်အားကစားနည်း မီတာ(၁၀၀) (၂၀၀) (၄၀၀)ပြိုင်ပွဲ (၃)ခု၌ ပထမရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့ သောမနွေဦးခိုင်နှင့် ပြေးခုန်ပစ်အားကစားနည်း မီတာ (၁၅၀၀) (၅၀၀၀)(၁၀၀၀၀) ပြိုင်ပွဲ(၃)ခု၌ ပထမရွှေတံဆိပ်များ ဆွတ်ခူးရရှိခဲ့သော မအိအိဝိုင်းတို့အား ဆုငွေ ကျပ် (၃၀)သိန်းစီပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရရှိသည့် အားကစားသမားများကို ရွှေတစ်ခုလျှင်(၁၀)သိန်း ကျပ်၊ ငွေတစ်ခုလျှင် (၅)သိန်းကျပ်၊ ကြေးတစ်ခုလျှင် (၃)သိန်းကျပ်၊ လက်ဆင့်ကမ်း (၄)ယောက် တွဲပြိုင်ပွဲတွင် ရွှေတစ်ခုလျှင်(၂၀)သိန်းကျပ်၊ ငွေတစ်ခုလျှင် (၁၀)သိန်းကျပ် ကြေးတစ်ခုလျှင်(၆)သိန်းကျပ်၊ အသင်းလိုက် ပထမဆုရသည့် ကစားနည်းက အုပ်ချုပ်/ နည်းပြများကို တစ်ဦးလျှင်(၅ဝဝဝဝဝိ/-)နှုန်း၊ အသင်းလိုက် ဒုတိယဆုရသည့် အားကစားအဖွဲ့က အုပ်ချူပ်/နည်းပြ/ကစားသမားတွေကို တစ်ဦးလျှင်(၂၅ဝဝဝဝိ/-)နှုန်း၊ အသင်းလိုက် တတိယဆုရသည့် အားကစားအဖွဲ့ကအုပ်ချုပ်/နည်းပြ/ကစားသမားများကို တစ်ဦးလျှင် (၁၅ဝဝဝဝိ/-)နှုန်းဖြင့်အသီးသီး ပေးအပ်ချီးမြှင့်ပြီး ဆုရအားကစားအဖွဲ့များကိုယ်စား ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူ ဒေါ်သန်းသန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)