တာချီလိတ် ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-တရုတ်-လာအို-ထိုင်းလေးနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ၏ ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အားကစားနည်း(၄)မျိုးဖြင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ ရဲမှူးကျော်စိုးက လေးနိုင်ငံချစ်ခင်ရင်းနှီးစွာ ယုံကြည်မှုအပြည့်အဝဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်းအဖွင့်အမှာစကားပြောကြားပြီး လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အားကစားသမားများအား ချစ်ခင်ရင်းနှီးစွာလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အားကစားနည်း(၄)မျိုးဖြစ်သည့် ဘောလုံးပြိင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိင်ပွဲများ ယှဉ်ပြိုင်ကျင်းပခဲ့ပြီး ဆုရရှိသည့် နိုင်ငံကိုယ်စားပြုအသင်းများအား လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ချစ်ကြည်ရေးအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်၊ ရေကြောင်း ရဲတပ်ဖွဲ့ခွဲ(ဝမ်ပုံ)မှ ရဲမှူး ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရေကြောင်းကင်းလှည့်ရေး ရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့မှူး၊ တတိယအဆင့်ရဲချုပ်၊ ဗိုလ်ချုပ် Li Shujun နှင့်အဖွဲ့ဝင်များ၊ လာအိုနိုင်ငံ၊ နမ့်ထားခရိုင်စစ်ဒေသမှ ဗိုလ်မှူးချုပ် INKEO နှင့်အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံ၊ အမှတ် (၅)ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် Noppadol Krungkrai နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)