မိုင်းယောင်းမြို့နယ်ရှိ မုန်းလိုက်တံတားကျန်းမာရေးစစ်ဆေးရေးဂိတ်အား ည ၉ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြု


မိုင်းယောင်း ဒီဇင်ဘာ  ၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မုန်းလိုက်တံတားစစ်ဆေးဂိတ်အား နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်၍ ည ၉ နာရီအချိန်မှ နောက်တစ်နေ့ နံနက် ၈ နာရီ အချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။


“မိုင်းယောင်းမြို့နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်အရ ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအနေဖြင့် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ည ၉ နာရီအချိန်မှ နံနက် ၈ နာရီအချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း” မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပြောသည်။


အဆိုပါ မုန်းလိုက်တံတားကျန်းမာရေးစစ်ဆေးဂိတ်၌ ကျန်းမာရေး၊ ထွေ/အုပ်၊ ရပ်တပ်ဖွဲ့၊ လ.ဝ.က၊ မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့က ပူးပေါင်းပြီး ခရီးသည်များအား ခရီးသွားရာဇဝင် ကောက်ခံခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့တွင်းသို့ ဝင်/ထွက် သွားလာနေသည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း COVID-19 ရောဂါပိုးရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အားချာ(ပြန်/ဆက်)