ပူတာအို ဒီဇင်ဘာ ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် ပြည်နယ်တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်နိုင်လွင်နှင့်အတူ ယမန်နေ့ ညနေ(၅)နာရီခွဲက မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပူတာအိုလေဆိပ်သို့ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းတာဝန်ရှိသူများက ကြိုဆိုကြသည်။
ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက် တောင်သူ ဦးရွှေဘုံ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဟင်းသီးဟင်းရွက်စိုက်ခင်း အောင်မြင်ဖြစ် ထွန်းနေမှုများနှင့်လုပ်ငန်းရှင် ဦးသိုက်ရွှေ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် (၅၀) သန်းဖြင့် (၁၈) တန်ကျ ဆန်စက်တည်ဆောက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးများက တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဒီဇင်ဘာလ (၂၄) ရက် နံနက် (၇) နာရီက ပူတာအိုမြို့ နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင် များ၊စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး စက်သုံးဆီအရောင်း ဆိုင်လုပ်ငန်းရှင်များက စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ စက်သုံးဆီသယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် အခက်အခဲများနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာမှတစ်လလျှင် နှစ်ကြိမ်ခန့်လာရောက် စစ်ဆေးပေးနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင် ဦးတင်ကိုလွင်က မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များ ကိုလည်းကောင်းရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊နောင်မွန်း၊ ခေါင်လန်ဖူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းစုစုပေါင်း (၃၂) ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ကျပ် (၃၂) သိန်းကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်