ကျောက်ပန်းတောင်းစည်ပင်သာယာမြို့မဈေးကြီးနှင့် တမ္ပဝတီဈေးသစ်တို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း ဒီဇင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်  မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးများမီးဘေးလုံခြုံရေးနှင့် မီးလောင်မှုအန္တရာယ် မဖြစ်ပွားစေရေးတို့အတွက်၊ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တမ္ပဝတီဈေးသစ်နှင့် မြို့မစည်ပင်သာယာဈေးကြီးတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းမြင့်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် လိုအပ်သည့် အစီအမံများနှင့် မီးလောင်မှုဖြစ်ပွားပါက သတင်းပေးပို့မှု အရေးကြီးကြောင်း အချိန်တိုအတွင်းသိရှိနိုင်စေရန် ပြည်သူများမှ မှန်ကန်သည့် သတင်းအချက်အလက် လမ်းညွှန်မှုများဖြင့် ကူညီကြရန် လိုအပ်ကြောင်းတို့ကို အသိပညာပေးဟောပြောသည်။ ယင်းနာက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် မီးလောင်ရာတွင် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ဈေးတာဝန်ရှိသူများ၊ ဈေးသူဈေးသားများ လက်တွေ့ပါဝင် ဆောင်ရွက်စေခြင်းနှင့် မီးသတ်ကားဖြင့် မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးနှင့် ဈေးကြီးကြပ်မှုကော်မတီများ၊ ဝန်ထမ်းများ၊ ဈေးသူဈေးသားများ စုစုပေါင်းအင်အား(၇၀)ဦးခန့် တက်ရောက်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တမ္ပဝတီဈေးအတွင်းနှင့် မြို့မစည်ပင်သာယာဈေးကြီးအတွင်း အရေးပေါ်မီးသတ်ရေတိုင်များနှင့် ရေစုပ်စက်များ ကြံ့ခိုင်မှုနှင့် အသုံးပြုနိုင်မှုအခြေအနေနှင့် ဈေးဆိုင်ခန်းများတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)