ကျေးသီး ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးသီးမြို့နယ်ရုံး ဦးစီးအရာရှိ (တာဝန်ပေး) ဦးခွန်အာကာထွန်းက စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ကျေးသီး)နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)မှ ကျောင်းသား/ ကျောင်းသူလေးများက လွတ်လပ်ရေးနေ့သမိုင်း အကျဉ်းချုပ်ကို ဖတ်ကြားခဲ့ကြသည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဖတ်ကြားခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) က ဂုဏ်ပြုဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (ကျေးသီး) နှင့် အခြေခံပညာမူလတန်းလွန်ကျောင်း (လုံပု) တို့မှ မူလတန်းကျောင်းသား/ ကျောင်းသူ (၂၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
“ကျောင်းသား/ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်စေရေး၊ စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေး၊ ရရှိလာသည့် အသိပညာဗဟုသုတများကို မိမိတို့ပတ်ဝန်းကျင်တွင် မျှဝေပေးနိုင်ရေး၊ အသိပညာရရှိစေသည့် စာအုပ်စာပေများကို ရွေးချယ်ဖတ်ရှုလာနိုင်စေရေး၊ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံလာနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ယခုလိုစာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးသီးမြို့နယ်ရုံး ဦးစီးအရာရှိ(တာဝန်ပေး) ဦးခွန်အာကာထွန်းထံမှ သိရှိရသည်။
နန်းဗွေခမ်း