လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ကျင်းပ

လှိုင်းဘွဲ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ဒေသနေပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်အတွက် လစဉ် စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော လူငယ်နှင့်ဇွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ တစ်ယောက်နှင့်တစ်ယောက် အသိပညာဗဟုသုတများ မျှဝေဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်းများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်မယုမှုံနှင့်ဒေါ်ဇင်မြတ်မူဝင်းထက်တို့က ဦးဆောင်ကာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော လူငယ်နှင့်ဇွဲ စာအုပ်ထဲမှ အများ၏ယုံကြည်မှု၊ အောင်မြင်မှုခရီး၊ တန်ဖိုးအရှိဆုံးအရာ၊ လူငယ်နှင့်အခွင့်အလမ်း၊ စိတ်ဟူသော ပန်းပုဆရာနှင့် မိမိကိုယ်ကိုယ်တန်ဖိုးထား စသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်နှင့်ဇွဲ စာအုပ်ကို စာဖတ်ဝိုင်းဆောင်ရွက်ခြင်းအားဖြင့် လူငယ်များအနေဖြင့် အောင်မြင်မှု ခရီးကိုလျှောက်လှမ်းနိုင်ရေးအတွက် အများ၏ ယုံကြည်မှုများ ရရှိရန်၊ ကြိုးစားအားထုတ်ခြင်းဖြင့် အနာဂတ်၊အခွင့်အလမ်းများ ရရှိလာခြင်း၊ ဇွဲ၊လုံ့လ၊ဝီရိယအခြေခံပြီး ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ တန်ဖိုးရှိသော စာအုပ်၊ စာပေများကိုလည်း အမြဲလေ့လာဖတ်ရှုရမည်ကို သိရှိနားလည်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)