ပျဉ်းမနား ဒီဇင်ဘာ ၂၄
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က “ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြော အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကား ပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံ သစ်များရရှိစေရန်၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်နှင့်အတူ Grade-9 ကျောင်းသား မောင်ဝေလျှံဘုန်းပြည့်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade-9 ကျောင်းသား မောင်မင်းထင်ကျော်က လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသူ မမေရီမျိုးသန့်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်နှင့် Grade-9 ကျောင်းသူ မခိုင်ပြည့်စုံက လူငယ်နှင့်ဂီတအနုပညာ စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က မေးမြန်းချက်များအပေါ် ထပ်ဆင့်ရှင်းလင်းဖြေကြားခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူမျာက ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပထားသည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)