အမျိုးသားအားကစားပွဲတော်ကြီးတွင် နေပြည်တော်ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ လယ်ဝေးမြို့နယ်အတွင်းအောင်ပွဲခံ

လယ်‌ဝေး ဒီဇင်ဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီး၌ နေပြည်တော်ကိုယ်စားပြု ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် လှည့်လည်အောင်ပွဲခံလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက လယ်ဝေးမြို့သို့ လာရောက်၍ အောင်ပွဲခံခဲ့သည်။

အဆိုပါအဖွဲ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းဦး၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ကိုယ်စားပြု ဘောလုံးအားကစားသမား (၁၈) ဦး၊ ခရစ်ကက်အားကစားသမား (၁၅) ဦး၊ ဂေါက်သီး ရိုက်အားကစားသမား (၄) ဦး၊ ဝူရှုး အားကစားသမား (၂) ဦး၊ အလေးမအားကစားသမား (၁) ဦး၊ ပြေးခုန်ပစ် အားကစားသမား (၁) ဦးတို့ လယ်ဝေးမြို့နယ်အတွင်းလှည့်လည်အောင်ပွဲခံရာ ရန်ကုန်-မန္တလေးကားလမ်းတစ်လျှောက် ဝဲ/ယာ ကျေးရွာ၊ ရပ်ကွက်များမှပြည်သူများ၊ မြို့အတွင်း လမ်းဘေးဝဲ/ယာ များမှ ပြည်သူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူလေးများက ဂုဏ်ပြုပန်းစည်းများပေးအပ်၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး၊ ရွှေတံဆိပ်ရရှိသည့် အားကစားသမားများ နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)