အထက်မင်းလှ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြုတီဘီရောဂါစမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့မအခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စန်းစန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းဆရာမများက ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး တီဘီသံသရှိသော ကျောင်းသား၊ ကျောင်းသူများကို တီဘီဌာနတွင် သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်၊ ဓာတ်ခွဲဌာနတို့တွင် ရင်ခေါင်းဓာတ်မှန်ရိုက်ကူးခြင်း၊ သွေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်သည့် ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။
မင်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကြားတွင် တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုး စောစီးစွာရှာဖွေဖော်ထုတ်ကုသနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)